MCBA AOA & MOA 2015

မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း

သင်းဖွဲ့မှတ်တမ်း

အသင်းအမည်၊ တည်နေရာနှင်႔ ရည်ရွယ်ချက်

၁။    အမည်
ဤအသင်းကို ''မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း" ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ အားဖြင်႔ " The Myanmar Customs Brokers Association (MCBA)" ဟူ၍လည်းကောင်း ခေါ်တွင်စေရမည်။

၂။    အသင်းတည်နေရာ
        အသင်း၏ မှတ်ပုံတင်သွင်းသည်႔ တည်နေရာမှ ရန်ကုန်မြို့တွင် ဖြစ်စေရမည်။

၃။    အသင်း၏ရည်ရွယ်ချက်များ

(က) အသင်းရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အမြဲကြိုးပမ်းဆောင်ရွက်ရန်။

(ခ) နိုင်ငံတကာ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းအသင်းအဖွဲ့များနှင့် ဆက်သွယ်၊ ပူးပေါင်းကာ အတွေ့အကြုံ၊ နည်းပညာများ ရရှိပြန်႔ပွားစေအောင် ကျယ်ကျယ်ပြန်႔ပြန်႔ နှီးနှောဖလှယ်ရန်။

(ဂ) ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင်႔ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။

(ဃ) အသင်းဝင်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကိုဝိုင်းဝန်းကူညီ ဖြေရှင်း ဆောင်ရွက်ပေးရန်။

(င) အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင်ဥပဒေနှင်႔ အညီ ဆောင်ရွက်စေရန် အသိပညာပေး စည်းရုံး ဆောင်ရွက်သွားရန်။

၄။ ပြဌာန်းဥပဒေများကိုလိုက်နာရန်။

မြန်မာနိုင်ငံတော် တည်ဆဲဥပဒေများ၊အမိန်႔ကြော်ငြာစာများ၊ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များက ခွင်႔ ပြုထားသည်႔ လုပ်ငန်းများကိုသာ ဆောင်ရွက်၍ နောင်တွင်ပြဌာန်းမည်႔ ဥပဒေများ၊ အမိန်႔ ကြော်ငြာစာများ၊ စည်းမျဉ်းများ၊ စည်းကမ်း သတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်။


မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း

သင်းဖွဲ့စည်းမျဉ်း

အခန်း(၁)
အသင်းအမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်

၁။ အမည်

ဤအသင်းကို ''မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း"ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာအားဖြင့် " The Myanmar Customs Brokers Association (MCBA)" ဟူ၍လည်းကောင်းခေါ်တွင်စေရမည်။

၂။ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဤသင်းဖွဲ့စည်းမျဉ်းပါစကားရပ်များသည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင် ဖွင့်ဆိုထားသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည် -

(က)    အသင်းဆိုသည်မှာ မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်းများအသင်းကိုဆိုသည်။

(ခ)    အသင်းအဖွဲ့ဆိုသည်မှာ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း သို့မဟုတ် သမဝါယမ အသင်းကို ဆိုသည်။

၄။    အသင်းသားဦးရေ ကန့်သတ်ချက်    

ဤအသင်းကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ၊ မှတ်ပုံတင်ရန်အတွက် အသင်းသားဦးရေ ကန့်သတ်ချက်မရှိစေရ။ မည်သည့်အသင်းသားကိုမဆို ဤအသင်းစည်းမျဉ်းများ၌ 'အသင်းသား' ဟုသာ ရည်ညွှန်းသည်။

၅။    မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေဝေါဟာရသက်ဆိုင်မှု အခြားနည်းပြဌာန်းခြင်း    မရှိခဲ့သော်၊ အသင်းစည်းမျဉ်း၌ပါရှိသော ဝေါဟာရအနက်အဓိပ္ပါယ်သည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေတွင်ပါရှိသော အလားတူ ဝေါဟာရများ၏ အဓိပ္ပါယ်နှင့် ထပ်တူဖြစ်သည်။

အခန်း(၂)
အသင်း၏ ရည်ရွယ်ချက်များ

၆။  အသင်း၏ ရည်ရွယ်ချက်များမှာ သင်းဖွဲ့မှတ်တမ်း အပိုဒ် (၃) တွင် ဖော်ပြထားသည့် အတိုင်းဖြစ်သည်။

အခန်း(၃)
အသင်းသားအမျိုးအစား၊ အရည်အချင်းနှင့် အသင်းသားဖြစ်ခြင်း

၇။    အသင်းသားများကို အောက်ပါအတိုင်းအမျိုးအစားခွဲခြားထားသည် -

(က) ရိုးရိုးအသင်းသား (Ordinary Member)

၁။ ရိုးရိုးအသင်းသား(က)အဆင့်အသင်းသားသည် အကောက်ခွန်ဦးစီးဌာနမှ အသိအမှတ်ပြုအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူ မြန်မာနိုင်ငံသားများ၊

၂။ ရိုးရိုးအသင်းသား (ခ) အဆင့်အသင်းသားသည် တရားဝင်အသိအမှတ်ပြု အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလို င်စင်ရှိသောလုပ်ငန်း တစ်ခုတွင်မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသား ဝန်ထမ်းများ။

(ခ) တွဲဖက်အသင်းသား (Association Member)

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းများကိုတွဲဘက် အသင်းသားအဖြစ် သတ်မှတ်သည်။

၈။  အသင်းသားလျှောက်ထားခြင်း

(က) အသင်းသားအဖြစ် ဝင်ခွင့်ပြုရန် လျှောက်ထားသည့် အသင်းအဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သည် အသင်း သားတစ်ဦး၏ ထောက်ခံချက်ဖြင့် အသင်းထံသို့ ပုံစံ(၁)ဖြင့် လျှောက်ထားရမည်။

(ခ) အတွင်းရေးမှူးသည်အသင်းသားအဖြစ်ဝင်ခွင့်ပြုရန်လျှောက်လွှာကိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တင်ပြရမည်။

(ဂ) အလုပ်အမှုဆောင်အဖွဲ့သည် ဤသင်းဖွဲ့စည်းမျဉ်းများတွင် သတ်မှတ်ထားသော အရည်အချင်းများနှင့်ကိုက်ညီမှုရှိမရှိစိစစ်ပြီး အသင်းသားအဖြစ် လက်ခံသင့်မသင့်ဆုံးဖြတ်ရမည်။

(ဃ) အတွင်းရေးမှူးသည် အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ပြီးသည့်နေ့မှ (၇)ရက်အတွင်း အသင်းသားအဖြစ် လက်ခံကြောင်း သို့မဟုတ် လက်မခံကြောင်းစာဖြင့် လျှောက်ထားသူထံအကြောင်းကြားရမည်။

င) အသင်းသားအဖြစ် ဝင်ခွင့်ရရှိသူသည် အသင်းကသတ်မှတ်သော အသင်းဝင်ကြေးနှင့် အသင်းသား နှစ်စဉ်ကြေးကို ပေးသွင်းသည့်နေ့မှစ၍ အသင်းသားဖြစ်သည်။

အခန်း(၄)
အသင်းသားများ၏ မှတ်ပုံတင်စာရင်း

၉။ အလုပ်အမှုဆောင်အဖွဲ့၏ ရုံးအဖွဲ့မှူးသည် အသင်းသားများ၏ မှတ်ပုံတင်စာရင်းကို အောက်ပါအချက်များဖော်ပြပြီး အသင်းရုံးတွင် မှတ်ပုံတင် စာရင်းပြု စုထားရမည် -

(က) အသင်းသားများ၏ အမည်နှင့်အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၊ ရက်စွဲ၊ အသင်းသား ပုဂ္ဂိုလ်၏ နိုင်ငံ သားစိစစ်ရေးကတ်ပြားအမှတ်၊

(ခ)    တည်ထောင်လုပ်ကိုင်ဆဲ လုပ်ငန်းအမည်နှင့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်း၏ ရုံးတည်နေရာ၊ ဆက် သွယ်ရန်ဖုန်း၊ ဖက်စ်၊ အီးမေးလ်အမှတ်၊

(ဂ)    အသင်းသားအဖြစ် လက်ခံသောရက်စွဲ။

အခန်း (၅)
အသင်းသားများ၏ တာဝန်နှင့် အခွင့်အရေး

၁၀။   အသင်းသားများ၏ တာဝန်

အသင်းသားများ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) အသင်းတိုးတက်ဖွံ့ဖြိုး အောက်မြင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေးတို့ကို ရှေးရှု၍ လိုအပ်သလို ကူညီပံ့ပိုးပါဝင် ပူးပေါင်းဆောင်ရွက်ရမည်။

(ခ) အသင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များကို အထမြောက်အောင်မြင်စေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်။

(ဂ) အသင်းကသတ်မှတ်ထားသော အသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေးတို့ကိုမပျက်မကွက်ပေးသွင်း ရမည်။

(ဃ) အသင်း၏ အသင်းသားစုံညီအစည်းအဝေး၊ အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးများနှင့် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်က အခါအားလျော်စွာ ထုတ်ပြန် သော အမိန့်၊ ညွှန်ကြားချက်စသည်များကို လိုက်နာရမည်။

(င)    အသင်း၏ အသင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုကို အစဉ်ရှေးရှု ထိန်းသိမ်းဆောင်ရွက် ရမည်။ အုပ်စုဖွဲ့ချင်း၊ သင်းကွဲဂိုဏ်းကွဲထူထောင်ခြင်း မပြုလုပ်ရ။

၁၁။    အသင်းသားများ၏ အခွင့်အရေး

အသင်းသားများ၏ အခွင့်အရေးမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) အသင်းကဖိတ်ကြားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ။ ဟောပြောပွဲများ၊ အခမ်းအနားများ သို့ တက်ရောက်ခွင့်ရှိသည်။
(ခ) အသင်းကစီစဉ်သော ပြည်တွင်းပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများစသည်တို့တွင် ပါဝင်တက် ရောက်ဆည်းပူးလေ့လာခွင့်ရှိသည်။

(ဂ)    အသင်းကစီစဉ်ပြုစုဖြန့်ဝေသော သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို လက်ခံရယူ နိုင်ခွင့်ရှိသည်။

(ဃ) အသင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် ဖိတ် ကြားချက်အရ ဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့် မဲဆန္ဒပေးခွင့်ရှိသည်။

(င) အသင်း၏ တိုးတက်ကြီးပွားအောင်မြင့်ရေးကို ရှေးရှု၍ကောင်းမြတ်သော အကြံဉာဏ်များ၊စာတမ်း များစသည်တို့ကို တင်ပြခွင့်ရှိသည်။

(စ) အသင်း၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အလုပ်အမှုဆောင်အဖြစ်ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲမတိုင်မီ အသင်းသားအဖြစ် အနည်းဆုံး (၂) နှစ် သက်တမ်းရှိပြီး ဖြစ်ရမည်။

(ဆ) အသင်းသားတစ်ဦးသည် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲတစ်မပေးခွင့်ရှိသည်။

(ဇ) အသင်းသားတစ်ဦးသည် မိမိတို့လုပ်ငန်းများလုပ်ဆောင်နေ့စဉ်အတွင်း ဖြစ်ပေါ်လာသည့် အခက် အခဲများ၊ နစ်နာမှုများအား အသင်းသို့ တင်ပြ အကူအညီ တောင်းခံခွင့်ရှိသည်။

(ဈ) ရိုးရိုးအသင်းသား(က)အဆင့်အသင်းသားသည် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။

 

အခန်း(၆)
အသင်းဝင်ကြေး နှင့် အသင်းသားများ၏ နှစ်စဉ်ကြေး

၁၂။    အသင်းဝင်ကြေးနှင့် အသင်းသားများ၏ နှစ်စဉ်ကြေးမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ရိုးရိုးအသင်းသား(က)အဆင့်သားများ၏ အသင်းဝင်ကြေးမှာ တစ်ဖွဲ့လျှင် အဖွဲ့မှတ်ပုံတင်ကြေး ကျပ် ၁၀ဝ၀ဝ/- (ကျပ်တစ်သောင်းတိတိ)ဖြစ်၍ နှစ်စဉ် ကြေးမှာ အသင်းသားတစ်ဦးလျှင် ကျပ် ၂၅၀ဝ၀/- (ကျပ်နှစ်သောင်းငါးထောင်တိတိ) ဖြစ်သည်။

(ခ)  ရိုးရိုးအသင်းသား(ခ)အဆင့်သားများ၏ အသင်းဝင်ကြေးမှာ နှစ်စဉ်ကြေးမှာ အသင်းသားတစ်ဦးလျှင် ကျပ် ၅၀ဝ၀/- (ကျပ် ငါးထောင်တိတိ) ဖြစ်သည်။

(ဂ)  တွဲဖက်အသင်းသား၏ အသင်းဝင်ကြေးမှာ ကျပ် ၁၀ဝ၀ဝ၀/- (ကျပ်တစ်သိန်းတိတိ)ဖြစ်သည်။

၁၃။ (က) ရိုးရိုးအသင်းသားများနှင့် တွဲဖက်အသင်းသားသည် အသင်းသို့ စတင်ဝင်ရောက်သည် နှင့် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကို တစ်ပေါင်းတည်းပေးသွင်းရမည်။

၁၄။ အသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေးများကိုလိုအပ်သလို အလုပ်အမှုဆောင်အဖွဲ့မှဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိပြီး အလုပ်အမှုဆောင်အစည်းအဝေးတွင် တက်ရောက်သူ (၄)ပုံ(၃)ပုံ ၏ ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်။

အခန်း(၇)
အသင်းသားအဖြစ်မှ ရပ်စဲခြင်း

၁၅။  အသင်းသားသည် အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် အသင်းသားအဖြစ်မှ ရပ်စဲစေရမည် -

(က) ကွယ်လွန်ခြင်း ၊ ရူးသွပ်ခြင်း၊

(ခ) နုတ်ထွက်စာကို အလုပ်အမှုဆောင်အဖွဲ့က လက်ခံ၍ခွင့်ပြုခြင်း၊

(ဂ) အခန်း(၃)ပါ အသင်းသားအရည်အချင်းတစ်ရပ်ရပ်ပျက်ယွင်းခြင်း၊

(ဃ) သုံးနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းရန် ပျက်ကွက်သဖြင့် အသင်း၏ သတိပေးစာရရှိပြီးနောက်  ရက်ပေါင်း(၃၀)အတွင်း ပေးသွင်းရန်ပျက်ကွက်ခြင်း၊

(င) သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊

(စ) အသင်းသားတစ်ဦးတစ်ယောက်သည် အကောက်ခွန်ဦးစီးဌာနမှ ပြစ်မှုတစ်စုံတစ်ရာကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အား ရုပ်သိမ်းခံရလျှင် အသင်းသား အဖြစ်မှ ရပ်စဲရမည်။

(ဆ) သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့အစည်းဝေးများ၏ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ခြင်း၊

(ဇ) သက်ဆိုင်ရာအစည်းရဌာန၊ အဖွဲ့အစည်းက နာမည်ပျက်စာရင်းတွင် ထည့်သွင်းခံရခြင်း၊

(ဈ) အကျင့်စာရိတ္တနှင့် သက်ဆိုင်သောပြစ်မှု သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးသော ပြစ်မှု တစ်ခုခုဖြင့် တရားရုံးကချမှတ်သော ပြစ်ဒဏ်ခံရခြင်း။

(ည) အလုပ်အမှုဆောင်အဖွဲ့အား အသရေဖြစ်ပြောဆိုခြင်း၊ စော်ကားပြုမှုပြောဆိုခြင်းများ ပြုလုပ်ပါကအသင်းသားအဖြစ်မှ ရပ်စဲရမည်။